31/03/2026
အချိန်ကို ရောင်းမှာလား၊ အလုပ်ကို ရောင်းမှာလား - လုပ်ငန်းပြီးစီးမှု တန်ဖိုးနှင့် ခေတ်သစ်ဆောက်လုပ်ရေး အမြင်
ဆောက်လုပ်ရေးလောကမှာ ကျင်လည်နေကြတဲ့ လုပ်ငန်းရှင်တွေ၊ အင်ဂျင်နီယာတွေနဲ့ လက်သမား၊ ပန်းရံ ဆရာတွေကြားမှာ နေ့စဉ်နဲ့အမျှ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ "လုပ်အားခ ညှိနှိုင်းခြင်း" ပါပဲ။ အထူးသဖြင့် နေ့စားစနစ်ကနေ ပုတ်ပြတ်စနစ်ကို ကူးပြောင်းတဲ့အခါ "နေ့စားရသလောက်ပဲ ရတယ်" ဆိုတဲ့ စကားစုဟာ အလုပ်ရှင်နဲ့ အလုပ်သမားကြားမှာ နားလည်မှုလွဲမှားခြင်းရဲ့ အစပျိုးရာ ဖြစ်လာပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့ဟာ ကိန်းဂဏန်းတွေရဲ့ နောက်ကွယ်က တကယ့် "လုပ်ငန်းတန်ဖိုး (Value of Work)" ဆိုတာ ဘာလဲ၊ ဘာကြောင့် ပြီးစီးမှုဟာ အချိန်ထက် ပိုအရေးကြီးသလဲဆိုတာကို အသေးစိတ် ဆွေးနွေးကြည့်ချင်ပါတယ်။
၁။ "အချိန်" နှင့် "ရလဒ်" - အခြေခံ အယူအဆ ကွဲပြားခြင်း
ကျွန်တော်တို့ လုပ်ငန်းခွင်မှာ အလုပ်သမားတစ်ယောက်ကို ငှားရမ်းတယ်ဆိုတာ တကယ်တော့ သူပိုင်ဆိုင်တဲ့ "အချိန်" ကို ဝယ်ယူတာ မဟုတ်ပါဘူး။ သူဖန်တီးပေးနိုင်တဲ့ "ရလဒ်" ကို ဝယ်ယူတာ ဖြစ်ပါတယ်။ နေ့စားစနစ်မှာ အလုပ်သမားက သူ့ရဲ့ တနေ့တာ အလုပ်ချိန် ၈ နာရီကို ရောင်းချပြီး အချိန်ဘက်ကို ပိုအာရုံစိုက်တတ်ပါတယ်။ ဒါပေမဲ့ ပုတ်ပြတ်စနစ်မှာတော့ အလုပ်သမားက သူ့ရဲ့ "ကျွမ်းကျင်မှုနဲ့ ပြီးစီးသွားတဲ့ အလုပ်" ကို ရောင်းချတာပါ။ "ဒီအလုပ် ပြီးသွားရင် ဒီတန်ဖိုးကို ရမယ်" ဆိုတဲ့ သတ်မှတ်ချက် ဖြစ်ပါတယ်။ ပြဿနာက အလုပ်သမားတွေက ပုတ်ပြတ်စနစ်ကို တွက်ချက်တဲ့အခါ "ငါတို့ နေ့စားလုပ်ရင် ရမယ့် ရက်ပေါင်းနဲ့ တွက်ရင် ဒီပမာဏပဲ ရတာပဲ" လို့ နှိုင်းယှဉ်တတ်ကြတာပါ။ ဒါဟာ လုပ်ငန်းတန်ဖိုးကို အချိန်နဲ့ပဲ တိုင်းတာနေဆဲ ဖြစ်တယ်ဆိုတာ ပြနေပါတယ်။
၂။ လုပ်ငန်းပြီးစီးမှု တန်ဖိုးဆိုတာ ပုံသေပဲလား?
လုပ်ငန်းပြီးစီးမှု တန်ဖိုးဆိုတာ အလုပ်တစ်ခုရဲ့ "ပင်ကိုယ်တန်ဖိုး" ပါ။ ဥပမာ- အမိုးတစ်ခုကို မိုးလိုက်တာ ပြီးစီးခြင်း ဆိုပါတော့၊ ဒါဟာ ထွက်ပေါ်လာတဲ့ ရလဒ်ဖြစ်ပါတယ်။ အဲ့ဒီအမိုးကို ကျွမ်းကျင်တဲ့လူက ၃ ရက်နဲ့ မိုးမိုး၊ မကျွမ်းကျင်တဲ့လူက ၆ ရက်နဲ့ မိုးမိုး၊ ပြီးစီးသွားတဲ့ "အမိုး" ရဲ့ ပြီးစီးမှု တန်ဖိုးကတော့ ပြောင်းလဲမသွားပါဘူး။ အလုပ်သမားက ဖြည်းဖြည်းလုပ်လို့ အချိန်ပိုကြာသွားတာဟာ လုပ်ငန်းရဲ့ တန်ဖိုးကို တိုးတက်စေတာ မဟုတ်ပါဘူး။ အချိန်ဆွဲလေလေ၊ လုပ်ငန်းရှင်အတွက် စီမံခန့်ခွဲမှုစရိတ်၊ စက်ပစ္စည်း ငှားရမ်းခစရိတ်နဲ့ အခွင့်အလမ်းစရိတ်တွေ ပိုကုန်လေလေ ဖြစ်ပါတယ်။ ဒါကြောင့် "အချိန်ပိုကြာတာဟာ ပိုက်ဆံပိုရသင့်တဲ့ ဆိုတဲ့ အကြောင်းပြချက် မဟုတ်ဘူး" ဆိုတာကို နှစ်ဦးနှစ်ဖက် နားလည်ထားဖို့ လိုပါတယ်။
၃။ ပုတ်ပြတ်စနစ်မှာ အလုပ်သမား ဘာကြောင့် ပိုမြတ်သလဲ
"နေ့စားရသလောက်ပဲ ရတယ်" လို့ ပြောတဲ့ အလုပ်သမားတွေ မေ့နေတတ်တဲ့ အချက်က "အချိန်မြတ် (Time Profit)" ပါ။ ပုတ်ပြတ်ပေးတယ်ဆိုတာ အလုပ်ရှင်က အလုပ်သမားကို "မင်း တော်ရင် တော်သလောက်၊ မြန်ရင် မြန်သလောက် ပိုမြတ်ပါစေ" ဆိုပြီး အခွင့်အရေး ပေးလိုက်တာ ပဲဖြစ်ပါတယ်။ နေ့စားလုပ်ရင် သင်ဟာ တစ်နေ့တာအတွက် သတ်မှတ်ထားတဲ့ ပမာဏထက် ပိုရစရာ အကြောင်းမရှိပါဘူး။ ဒါပေမဲ့ ပုတ်ပြတ်စနစ်မှာ သင်က အလုပ်ကို စနစ်တကျ စီမံပြီး မြန်မြန်ပြီးအောင် လုပ်နိုင်ရင်၊ ကျန်တဲ့ရက်တွေဟာ သင့်အတွက် "အသားတင်အမြတ်" ဖြစ်လာပါတယ်။ အဲ့ဒီ အားလပ်သွားတဲ့ အချိန်မှာ သင် နောက်အလုပ်တစ်ခု ထပ်လုပ်နိုင်တယ်။ ဒါမှမဟုတ် မိသားစုကို အချိန်ပေးနိုင်တယ်။ ဒါဟာ ပုတ်ပြတ်စနစ်က ပေးတဲ့ မိမိကြိုးစားသလောက် ရနိုင်မယ့် "လွတ်လပ်မှု" နဲ့ "ဝင်ငွေတိုးတက်မှု" ပါ။ မကြိုးစားပဲနဲ့ အလိုလို ဝင်ငွေ မတိုးလာနိုင်ပါဘူး။ နေ့စားကနေ ပုတ်ပြတ်ပြောင်းသွားလို့ အလိုလို ပိုရသွားတာ မဟုတ်ပါဘူး။ ပုတ်ပြတ်နဲ့ လုပ်နေပေမယ့်လည်း နေ့စား လုပ်သလိုမျိုး အလုပ်လုပ်နေရင်တော့ ဝင်ငွေ တိုးတက်လာမှာ မဟုတ်ဘူးဆိုတာကိုတော့ စဉ်းစား တွေးခေါ် နားလည်ဖို့ လိုပါလိမ့်မယ်။
၄။ အလုပ်ရှင်ဘက်က ထောက်ပံ့မှုနှင့် တာဝန်ယူမှု
လုပ်ငန်းခွင်တစ်ခုမှာ အလုပ်ရှင်က စက်ကိရိယာတွေ၊ မီးစရိတ်တွေနဲ့ လိုအပ်တဲ့ ပစ္စည်းကိရိယာ အစုံအလင်ကို ထောက်ပံ့ပေးထားတယ်ဆိုရင် အလုပ်သမားဘက်က "ရင်းနှီးမြှုပ်နှံမှု" ဟာ သုညနီးပါး ဖြစ်သွားပါပြီ။ သင်တို့ ရင်းနှီးရတာဟာ "ကျွမ်းကျင်မှု" သက်သက်ပဲ ရှိပါတယ်။ ဒီလိုအခြေအနေမျိုးမှာ လုပ်သားတွေဟာ မိမိတို့ရဲ့ လုပ်အားခ သင့်လျော် တန်ဖိုးကို ပဲ အဆိုပြုရမှာ ဖြစ်ပါတယ်။ လုပ်ခ သင့်လျော်တန်ဖိုးထက် ပိုမိုတောင်းခံမိ ပါက ရေရှည်မှာ မိမိတို့ အပေါ် ယုံကြည်မှုကို ပျက်ပြားစေပါတယ်။ အလုပ်ရှင်ဘက်ကလည်း တွက်ခြေမကိုက်ရင် လုပ်ငန်းတွေ ရပ်နားရမယ်။ လုပ်ငန်းတွေ ရပ်နားရင် အလုပ်သမားတွေအတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းတွေ ဆုံးရှုံးရမှာပါ။ ဒါဟာ ဆက်စပ်နေတဲ့ သံသရာတစ်ခုပါပဲ။
၅။ "အချိန်ဆွဲခြင်း" ဆိုတဲ့ ထောင်ချောက်
အလုပ်သမားအချို့ဟာ ပုတ်ပြတ်ဈေးကို နေ့စားခထက် ပိုရချင်လို့ အလုပ်ပြီးစီးမယ့် အချိန်ကို အမှန်ထက် ပိုပြောတတ်ကြပါတယ်။ ဒါဟာ အလုပ်ရှင်ကို လိမ်ညာတာထက် ပိုပြီး ဆိုးဝါးတာကတော့ "မိမိကိုယ်ကို အလုပ်မလုပ်ချင်အောင် ပျင်းရိစေတာ" ပါပဲ။ အချိန်ကို ပိုပြောထားတဲ့အတွက် အလုပ်ကို မြန်မြန်ပြီးအောင် မလုပ်တော့ဘဲ အချိန်ဆွဲလုပ်လာမယ်။ ဒါဟာ အလုပ်သမား ဟာ မိမိကိုယ်တိုင် ရဲ့ ကျွမ်းကျင်မှုကို တဖြည်းဖြည်း လျော့နည်းသွားစေပါတယ်။ တကယ်တော့ Professional ဆန်တဲ့ အလုပ်သမားဆိုတာ "ဒီအလုပ်ကို ငါအမြန်ဆုံးနဲ့ အကောင်းဆုံး ဘယ်လိုပြီးအောင် လုပ်မလဲ" ဆိုတာကိုပဲ အမြဲစဉ်းစားနေရမှာပါ။
၆။ Professional ဆန်တဲ့ လက်တွဲမှု
ကျွန်တော်တို့ ဆောက်လုပ်ရေးလောက မှာ အချင်းချင်း တိုးတက်ဖို့ဆိုရင်တော့ အလုပ်ရှင်ရော အလုပ်သမားပါ Professional ကျကျ တွက်ချက်တတ်ဖို့ လိုပါတယ်။ အလုပ်ရှင်ဘက်က အလုပ်သမားရဲ့ ကျွမ်းကျင်မှုကို အသိအမှတ်ပြုပြီး သင့်တော်တဲ့ တန်ဖိုး တစ်ခု ကို ပုတ်ပြတ်ဈေး အဖြင့် တွက်ချက် သတ်မှတ် ပေးရပါမယ်။ အလုပ်သမားဘက်ကလည်း နေ့စားရက်တွေနဲ့ လိုက်တွက်နေတာထက် "ပြီးစီးသွားတဲ့ အလုပ်ရဲ့ အရည်အသွေး" ကို အာမခံပြီး အချိန်ကို မြတ်အောင် ထုတ်နိုင်ရပါမယ်။
နိဂုံးချုပ်
"နေ့စားရသလောက်ပဲ ရတယ်" ဆိုတဲ့ စကားကို ကျော်လွန်ပြီး "ငါတို့ ဘယ်လောက် မြန်မြန်ပြီးအောင် လုပ်နိုင်မလဲ၊ ငါတို့ရဲ့ ကျွမ်းကျင်မှုကို သုံးပြီး အချိန်ကို ဘယ်လို မြတ်အောင် ထုတ်မလဲ" ဆိုတဲ့ စိတ်ဓာတ်ကို မွေးမြူကြပါစို့။ လုပ်ငန်းရှင်တွေအနေနဲ့လည်း အလုပ်သမားတွေရဲ့ အားထုတ်မှုကို ထိုက်ထိုက်တန်တန် တန်ဖိုးထားပေးရင်း၊ အလုပ်သမားတွေကလည်း မိမိလုပ်ငန်းအပေါ် သစ္စာရှိရှိနဲ့ အချိန်ကို တန်ဖိုးရှိရှိ အသုံးချကြမယ်ဆိုရင် ကျွန်တော်တို့အားလုံးရဲ့ လုပ်ငန်းခွင်တွေဟာ ဒီထက်မက အောင်မြင်တိုးတက်လာမှာ အသေအချာပါပဲ။
-
Ko Wai Lin Construction and Building Materials Store
Kyaikhto, Mon State